ပုဇွန်တောင် ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဇွန်တောင် မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ စာရေးဆရာမ မေမြတ်စန္ဒာက ပြည်ထောင်စုစိတ်ဓာတ်၊ မြန်မာနိုင်ငံ၏ပြည်ထောင်စုနေ့ စတင်ဖြစ်ပေါ်လာပုံနှင့်သမိုင်းကြောင်းများ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် များဖြင့် ပြည်ထောင်စုကြီးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေး စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်ရုံးအနေဖြင့် အသိပညာပေးဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊ လူငယ်စကားဝိုင်းများနှင့် ပြပွဲ၊ ပြိုင်ပွဲများကို သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဟန်စုယဉ် (ပြန်/ ဆက်)