မန္တလေး ဖေဖော်ဝါရီ ၁၁
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာပေရေးရာဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီတွင် ကျင်းပခဲ့သည်။
စာပေရေးရာဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်း၊စာပေရေးရာဆွေးနွေးပွဲများကို လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိပြီး မိမိတို့ဖတ်မှတ်ထားသည့် စာအုပ်၊စာပေက ရရှိလာသည့် ကောင်းမွန်သည့် အတွေးအခေါ်၊ အယူအဆများကို ဖလှယ်ကြသည်ဖြစ်ရာ ပါဝင်ဆွေးနွေးစေလိုကြောင်း ပြောကြားပြီး ပြည်ကြီးတံခွန်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးက ဆရာမခင်စောတင့်ရေးသားသည့် နေ့စဉ်ကျန်းမာရွှင်လန်းစေဖို့ အကြံပေးစကားများ စာအုပ်အားဖတ်ရှုရာတွင် ကောင်းကျိုးသုခရစေမည့်အကြောင်းအရာများ စာရင်းပြုစုထားသင့်ကြောင်း၊ အသစ်အဆန်းများကို လေ့လာသင်ယူခြင်းသည် ဦးနှောက်ထဲမှ ဆဲလ်များလည်ပတ်မှုကို နှိုးဆွပေးကြောင်း၊ ကျန်းမာရေးကောင်းစေပြီး နုပျိုခြင်းကိုဖြစ်ပေါ်စေကြောင်း၊ မှတ်ဉာဏ်ကို ကောင်းမွန်စေကြောင်း အစရှိသည်ဖြင့်ဆွေးနွေးပါသည်။ ထို့နောက် ဆရာမမြလဲ့ချိုက အားကစားဆိုင်ရာ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကျန်းမာရေးကို အထောက်အကူပြုသည့်အပြင် စိတ်ပိုင်းဆိုင်ရာရွှင်လန်းတက်ကြွစေကြောင်း၊ အားလပ်ချိန်များကို စာပေဖတ်ရှုခြင်း၊ ပန်းချီဆွဲခြင်း၊ မိမိရရှိထားသည့် ဗဟုသုတများကို အခြားသူများနှင့်ဝေငှခြင်းစသည့် အကြောင်းအရာများ ဆွေးနွေးပြီး တက်ရောက်လာသည့် (Book Club)အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)