မိုင်းကိုင်မြို့နယ်၊ ရွှေလယ်တောစပါးမျိုးစေ့ထုတ်လုပ်ငန်းအစုအဖွဲ့သို့   ချေးငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပ

မိုင်းကိုင် ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြိုနယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှု ကော်မတီမှ ရွှေလယ်တောစပါးမျိုးစေ့ထုတ်လုပ်ငန်းအစုအဖွဲ့သို့  ချေးငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး  ကော်မတီတွဲဖက်အတွင်းရေးမှူး(၁)၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးအရာရှိ   ဦးရဲသွေးကျော်က  တောင်သူများအား ချေးငွေထုတ် ချေးပေးမှုနှင့်ပတ်သတ်၍ စည်းမျဉ်းစည်းကမ်းများ၊ ချေးငွေစာချုပ်ချုပ်ဆိုခြင်းအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီးနောက် တာဝန်ရှိသူများက ရွှေလယ်တောစပါးမျိုးစေ့ထုတ်လုပ်ငန်းအစုအဖွဲ့ခေါင်းဆောင်များထံ ချေးငွေ ကျပ်သိန်းငါးရာကို လွှဲပြောင်းပေးအပ်ခဲ့ရာ  အဖွဲ့ခေါင်းဆောင် ဦးစိုင်းစံအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရွှေလယ်တောစပါးမျိုးစေ့ထုတ်လုပ်ငန်းအစုအဖွဲ့ဝင် တောင်သူ (၂၀)ဦးတို့နှင့်  ချေးငွေစာချုပ်များ ချုပ်ဆိုလက်မှတ်ရေးထိုးကာ မြို့နယ်လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ချေးငွေများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း  သိရသည်။

ချော(ပြန်/ ဆက်)