ဒဂုံအရှေ့ ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖက်ရှင်ပြပွဲနှင့်သီချင်းဆိုပြိုင်ပွဲကို ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်က အဖွင့်အမှာစကားပြောကြား၍ သီချင်းဆိုပြိုင်ပွဲကို စတင်ဖွင့်လှစ်ခဲ့ရာသီချင်းဆိုပြိုင်ပွဲ၌ အသံစစ်ဆေးရွေးချယ်ခဲ့သည့် ဆန်ကာတင်ကျောင်းသား၊ ကျောင်းသူ(၁၉)ဦးတို့က ခေတ်နှောင်း (အမျိုးသား၊ အမျိုး သမီး)ခေတ်ပေါ် (အမျိုးသား၊အမျိုးသမီး)ဟူ၍ အပိုင်းနှစ်ပိုင်းခွဲကာ ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား၊ကျောင်းသူ(စုံတွဲ)အလိုက် ခေတ်လေးခေတ်ဖြစ်သော (ကိုလိုနီခေတ်၊စစ်ကြိုခေတ်၊စစ်ပြီးခေတ်၊ယနေ့ခေတ်)ခွဲကာ ဖက်ရှင်အလှများဖြင့် သရုပ်ဖော်ပြသခဲ့ပြီးနောက် သီချင်းဆိုပြိုင်ပွဲ၌ ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ၎င်းပြိုင်ပွဲပံ့ပိုးကူညီသူ ဦးဝင်းဌေး (ဧရာဝဏ်ပုံနှိပ်တိုက်)တို့က သီချင်းအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊တတိ ယ၊ နှစ်သိမ့်ဆုများ ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ ဖက်ရှင်ပြပွဲနှင့်သီချင်းဆိုပြိုင်ပွဲသို့ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနမှ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာဖြင့် ကြည့်ရူအားပေးခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)