ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင်  မီးဘေးလုံခြုံရေးအသိပညာပေး ဆောင်ရွက်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၁

​မန္တလေးတိုင်းဒေသကြီး၊  ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီးများနှင့် ကျေးရွာအုပ်စုများရှိ စက်သုံးဆီအရောင်းဆိုင်များတွင်  မီးဘေးလုံခြုံရေးအသိပညာပေးဆောင်ရွက်ခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယမန်နေ့  နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမိုးဆွေနှင့် မီးသတ်တပ်ဖွဲ့ဝင်များက  ဝက်ဝံကျေးရွာ ရှိ မင်းထက်သာဆီဆိုင်၊ ရပ်ကွက်ကြီး (၆) ရှိ ထူးဆီဆိုင်၊ အနီးစခန်းရှိ နန်းထိုက်ဝေဆီဆိုင်များတွင် မီးသတ်ဆေးဘူးများနှင့် မီးငြှိမ်းသတ်ကိရိယာများ စနစ်တကျထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီးနောက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာများကို သတိရှိစေရန်နှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ လိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား အသိပညာပေးပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးများ၊ ရေစိုအဝတ်များဖြင့် မီးငြှိမ်းသတ်ခြင်းများကို ပြင်ဦးလွင်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ရှင်းလင်း သရုပ်ပြသခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများအား လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

ဖြုလူသစ် [ခရိုင် ( ပြန်/ဆက် )]