မိုင်းရှူး ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင် မိုင်းရှူးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေပေးရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မိုင်းအော့ကျေးရွာအုပ်စု၊ တိန်းတိုက်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇေယျာမင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းဦးက ရေပေးရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျေးရွာပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ကျေးဇူးတင်မှတ်တမ်းလွှာအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇေယျာမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ရေပေးရေးစနစ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ မိုင်းအော့ကျေးရွာအုပ်စု၊ တိန်းတိုက်ကျေးရွာ၊ရေပေးရေးတွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကျပ် (၉၀)ဒဿမ(၉၂၃)သန်းဖြင့် မိုင်းရှူးတော်ဝင် ကုမ္ပဏီမှ(၉၅၂၀)ပေ အပိုင်း(၁)ဖြင့်လည်းကောင်း၊ ဧကတော်ဝင် ကုမ္ပဏီမှ (၉၅၃၀) ပေ အပိုင်း(၂)ဖြင့်လည်းကောင်း၊ ကောင်းစစ်သူ ကုမ္ပဏီမှ(၇၃၅၀)ပေနှင့် ဂါလံ(၅၀၀၀)ရေစုကန်ကို အပိုင်း(၃)ဖြင့်လည်းကောင်း တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၂၂ခုနှစ်၊ဇွန်လ ၂၂ ရက်နေ့မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃၀ရက်တွင် လုပ်ငန်းရာနှုန်းပြည့် ပြီးစီးခဲ့ပါကြောင်းနှင့် ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို ရာသီမရွေး အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သန်းလူ(ပြန်/ ဆက်)