ပေါက်တော ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ ညနေပိုင်းက ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ အလက(ခွဲ)ကျောင်းစုပေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ဦးဆောင်ဆွေးနွေးကာ Grade -8 မှ ကျောင်းသူ မနွယ်နွယ်စိုးက “လူငယ်နဲ့ကျန်းမာရေး”၊ Grade-8 မှ ကျောင်းသူ မသန်းသန်းအေးက “လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး”၊ Grade- 8 မှ ကျောင်းသား မောင်မင်းမင်းက “စာတတ်ဖို့သာမကပညာတတ်ဖို့ပါ ကြိုးစားကြ”၊ Grade-8မှ ကျောင်းသားမောင်အောင်မင်းထွန်းက “လူငယ်နဲ့အားကစား” အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ လေးဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန် ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ အလက(ခွဲ)ကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ထို့ပြင် ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်တို့ကို ကြည့်ရှုကြကြောင်းသိရသည်။
ဝင်းမင်းစိုး (ပြန်/ ဆက်)