တပ်ကုန်း ဖေဖော်ဝါရီ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရွေးစုကျေးရွာ အုပ်စု၊ ရွေးစု ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေ၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ၊ မြို့နယ်ခုတင် (၁၀၀)ပြည်သူ့ဆေးရုံအုပ် ဒေါက်တာကျော်မောင်တို့က ပိုးသတ်ဆေးနှင့်ဓာတ်မြေဩဇာ အသုံးပြု မှု၊ သားငါးကဏ္ဍဖွံ့ဖြိုးရေးနှင့်တိရစ္ဆာန်များမှ လူကိုရောဂါများ ကူးဆက်တတ်မှု၊ သွင်းကုန်/ထုတ်ကုန် သက်တမ်းနှင့်စားသုံးသူအကာအကွယ်ပေးမှု၊ ကျောင်းကျန်းမာ ရေးနှင့်ဆီးချို/သွေးချိုဆေး များ ဗုဒ္ဓဟူးနေ့တိုင်း ထုတ်ပေးနေမှုတို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရိတ်သိမ်းချိန်လွန်နည်းပညာဌာန(ရေဆင်း) ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့်အပင် ဇီဝနည်းပညာဌာန(ခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာလှလှမြင့်၊ ဦးစီးအရာရှိ ဦးစိုးထွန်းမင်းတို့က ဟင်းသီးဟင်းရွက်သစ်သီးဝလံနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး၊ ဟင်းသီး ဟင်းရွက်သစ်သီးဝလံထုတ်လုပ်မှုအသိပေးပညာရပ်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းပို့ချပေးခဲ့သည်။ အခမ်းအနားသို့ ရွေးစုကျေးရွာမှ စိုက်ပျိုးရေးတောင်သူ(၇၂)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်