မော်လမြိုင် ဖေဖော်ဝါရီ ၁၁
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ- ကဒတ်ထောက်- ကရင်သောင် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းကသံဖြူဇရပ်မြို့နယ်၊ ကဒတ်ထောက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို အထူး အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရာ ကျေးလက်နေပြည်သူများ၏ လူနေမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးနှင့် မြို့ပြကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းသည် အဓိကအရေးကြီးတဲ့အချက်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း လိုက်ပါ တိုးတက်လာမည်ဖြစ်ကြောင်း၊ ကျေးရွာချင်းဆက်လမ်းများဆောင်ရွက်ပေးခြင်းကြောင့်လည်း ကျေးရွာနေပြည်သူများမှ စီးပွားရေး လူမှုရေးလုပ်ငန်းများကို အလွယ်တကူသွားလာဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်နယ်အနေဖြင့် ပြည်သူများအကျိုးအတွက် ကျေးလက်လမ်း၊ တံတားများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးလျက်ရှိသလို ဒေသခံပြည်သူများအနေဖြင့်လည်း လမ်း၊ တံတားများရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွန်ကြားရေးမှူးမှ ဘဏ္ဍာရေးနှစ်အလိုက် ကျိုက္ခမီ- ကဒတ်ထောက်- ကရင်သောင် ကတ္တရာလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကတ္တရာ လမ်းသစ် ဖောက်လုပ်ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက် စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများက ကျိုက္ခမီ- ကဒတ်ထောက်- ကရင်သောင် ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျိုက္ခမီမြို့ ရှုခင်းသာပန်းခြံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ကျိုက္ခမီမြို့ ရှုခင်းသာပန်းခြံအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး မြို့နေဒေသခံတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားကာ ပြည်နယ် ဝန်ကြီးချုပ်မှ ပန်းခြံအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ကျိုက္ခမီရေလယ် ဆံတော်ရှင် မြတ်ဘုရားကြီး ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ ဆက်