တိုက်ကြီး ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ဖိုးခေါင်ကျေးရွာအုပ်စု နန်းတော်ကုန်း ကျေးရွာတွင် မေတ္တာရောင်ခြည် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုက်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်က အဖွင့်အမှာစကားပြောကြားပြီး တိုက်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲမွန်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဉီးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကာ ကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။ ထို့နောက် တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲမင်းအောင်၊ တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲမွန်နှင့် တိုက်ကြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းကလျာခိုင်တို့က မေတ္တာရောင်ခြည် စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် ဖိုးခေါင်ကျေးရွာအုပ်စု နန်းတော်ကုန်းကျေးရွာရှိ မေတ္တာရောင်ခြည် စာကြည့်တိုက်သည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၁ ပေ အား နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၀)သန်း၊ ပြည်သူထည့် ဝင်ငွေကျပ် (၄.၅၁)သန်း၊ စုစုပေါင်းငွေကျပ်(၁၄.၅၁)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာစာကြည့်တိုက်ဖြစ်ပြီး အဆိုပါမေတ္တာရောင်ခြည်စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား (၉၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)