သံဖြူဇရပ် ဖေဖော်ဝါရီ ၁၀
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ-ကဒတ်ထောက်-ကရင်သောင် ကတ္တရာလမ်းသစ်ဖွင့်ပွဲနှင့် ကျိုက္ခမီမြို့၊ ရှုခင်းသာ ပန်းခြံဖွင့်ပွဲအခမ်းအနားပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သံဖြူဇရပ်မြို့၊ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက နိုင်ငံတော်အစိုးရနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအစရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ တစ်နေရာနှင့်တစ်နေရာ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်သည့်အတွက် ယနေ့ဖွင့်လှစ်သည့် ကျိုက္ခမီ-ကဒတ်ထောက်-ကရင်သောင်ကျေးရွာချင်းဆက်၊ လမ်းအရှည်(၂)မိုင်အား ဖောက်လုပ်ပြီးစီးပြီးဖြစ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာနေပြည်သူများမှ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို အလွယ်တကူ သွားလာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးဉာဏ်မျိုးက လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်စွာမြင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေတို့က ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းခင်းကျင်းထားရှိမှု အခြေအနေများအား ကြည့်ရှုခဲ့သည်။
အဆိုပါကတ္တရာလမ်းသစ်ကို ကျိုက္ခမီ-ကဒတ်ထောက်-ကရင်သောင် ကတ္တရာလမ်းအရှည်(၂)မိုင်သည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ်သန်း(၃၅၃.၆၅)ဖြင့် သံလွင်ကုမ္ပဏီနှင့် စမ်းရေကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာ(၄)ရွာ အိမ်ထောင်စု(၂၂၉၂)စု လူဦးရေ(၁၀၅၄၅)ဦးအား အကျိုးပြုသည့်လမ်းဖြစ်ကြောင်း တာ၀န်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ဆက်လက်၍ ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီးပုရိဝုဏ်အတွင်း ရှုခင်းသာပန်းခြံဖွင့်ပွဲအား ဆက်လက်ကျင်းပရာ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး၏ ဂေါပကအဖွဲ့၀င်တစ်ဦးက ရှု့ခင်းသာပန်းခြံဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကို ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ လုံခြုံးရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအောင်သန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ပန်းခြံအတွင်း လှည့်လည်ကြည်ရှုခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)