ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ချောင်းဆုံ ဖေဖော်ဝါရီ ၁၀

ပြည်သူလုထုအတွင်း စားသုံးနေသည့် အစားအစာများဘေးဥပါဒ်ကင်းရှင်းစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် စားသုံးသူများ၏ အခွင့်အရေးအပြည့်အဝ ရရှိစေရန် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်မိသူဇာက ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ထက်ထက်နွေဦးနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဘေးအန္တရာယ် ရှိစေမည့် ကုန်စည်များနှင့်ပတ်သက်ပြီး စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ၊ စားသုံး သူကာကွယ်ရေး ဥပဒေပါပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်၊ တားမြစ်ချက်၊ ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)