တွံတေး ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျွန်းတောရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းအဆင့် ၂၀၂၂ ခုနှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ မိနစ်၃၀အချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျွန်းတော၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်မြချိုက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(ခွဲ) ကျွန်းတောကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးငယ်ငယ်ထွန်းက ပညာရည်ချွန်ဆုချီးမြှင့်ပွဲဆောင်ရွက်မှုအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က(ခွဲ)ကျွန်းတောတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၇၇)ဦးနှင့် ထူးချွန်စွာ သင်ကြားပြသပေးသော ဆရာ၊ ဆရာမ(၉)ဦးအားတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ထွေးငယ်ငယ်ထွန်းက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
တွံတေးသား (ပြန်/ ဆက်)