ဟိုပင် ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အခြေခံပညာမူလတန်းလွန်တန်းကျောင်း (မြကန်သာ ရန်ကင်းအောင်)တွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်/စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲတွင် ဟိုပင်မြို့ နယ်မြေမီးသတ်စခန်းမှ ဒုတိယဦးစီးမှူးသိန်းကျော်က စာသင်ကျောင်းများတွင် ကြိုတင်ဆောင်ရွက်ထားရှိမည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးလောင်မှု အမျိုးအစားအလိုက် မီးငြိမ်းသတ်ခြင်း နည်းစနစ်များကို ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်လင်းသွယ်သွယ်ဦးက ကျောင်းသား/သူများ ကျောင်းစာအပြင် ဗဟုသုတများ ကြွယ်ဝစေရန် စာအုပ်/စာပေများကို လေ့လာဖတ်ရှုကြရန် ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားခြင်းနှင့် မီးဘေးအန္တရာယ် လက်တွေ့ သရုပ်ပြသခြင်းများကို တာဝန်ရှိသူများက ကျောင်းသား/သူများအား မီးငြှိမ်းစေရေးနည်းလမ်းများ၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများဖြင့် လက်တွေ့ အသုံးပြုပုံပြုနည်းလမ်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြရာ အခြေခံပညာမူလတန်းလွန် (မြကန်သာရန်ကင်းအောင်)ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည်ရှု့ခဲ့ကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး