တပ်ကုန်း စက်တင်ဘာ ၂၈
နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယာယီ ပိတ်ထား သော်လည်း Online အစီအစဉ်ဖြင့် အပတ်စဉ် စာအုပ်များ မိတ်ဆက်ခြင်း၊ ကဗျာ၊ ပုံပြင်ပြောတင်ဆက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံသိုးမွေးထိုးနည်း သင်တန်းကို Online စနစ်ဖြင့် တင်ဆက်နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် အခြေခံသိုးမွေးထိုးနည်းပြ ဒေါ်သန္တာကိုက သိုးမွေးချည်ဖြင့် အမျိုးသမီးငယ် အများစု အသုံးပြုလေ့ရှိသော ဆံညှပ်၊ ကလစ်နှင့် ခေါင်းစည်းကွင်းထိုးနည်းတို့ကို Online အစီအစဉ်ဖြင့် စိတ်ပါဝင်စားသူများ လိုက်ပါ၍ ထိုးတတ်စေရန် သင်ကြားပေးခဲ့ပြီး နောက်အပတ်စဉ်များတွင် ဖုန်းထည့်အိတ်၊ တဘက်ထိုးနည်းများကိုလည်း ဆက်လက်၍ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းနှင့် IPRD Tatkone Page တွင် ဝင်ရောက်ကြည့်ရှု သင်ယူနိုင်ကြောင်း သိရသည်။
တင်စိုးလွင်