စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ချမ်းမြသာစည်  ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကျောင်းသား/သူများ စာပေဗဟုသုတလေ့လာ ဖတ်ရှုနိုင်စေရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးတို့ကို ရည်ရွယ်ပြီး ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂၆)  အခြေခံပညာ အထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ နံရံကပ်စာစောင်ပြသခြင်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စိုးမူနှင့်အတူ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက စိတ်ပါ၀င်စားစွာလေ့လာ ကြည့်ရှုကြပြီး စာအုပ်စာစောင်များကိုလည်း ငှားရမ်းဖတ်ရှုခဲ့ကြသည်။ အသိပညာပေး နံရံကပ်စာစောင်များတွင် မူးယစ်ဆေးဝါးအန္တရာယ်၊ လူမှောင်ခိုကူးမှု တားဆီးကာကွယ်ရေး၊ သဘာ၀ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများပါ၀င်ပြီး ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အထက်တန်းကျောင်းခွဲများနှင့် အလယ်တန်းကျောင်းများသို့ သွားရောက်၍ လူငယ်စကားဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းများနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း တို့ကို စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)