မိုးညှင်းမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်ရေတွင်းသစ် ဖွင့်လှစ်

မိုးညှင်း ဖေဖော်ဝါရီ ၁၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စက်ရေတွင်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် “လူတွေရဲ့ နေ့စဉ်နေထိုင်မှုအတွက် သောက်သုံးရေဟာ အဓိက အရေးပါလှသလို ကျန်းမာရေးအတွက်လည်း အလွန်အရေးကြီးသကဲ့သို့ သန့်ရှင်းသော သောက်သုံးရေ ရရှိသုံးစွဲနိုင်ခြင်းဟာ ကျေးရွာသူ/သားများအတွက် များစွာ အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်”ဟု ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ‌မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်းက စက်ရေတွင်းတူးဖော်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သာယာကုန်းကျေးရွာတာဝန်ခံ ဦးမြင့်ခိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးရွာရေကော်မတီအဖွဲ့ဝင်များကို မြို့နယ်ကျေး/လက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စက်ရေတွင်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်၊ ခရိုင်ကျေး/လက်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်၊ ကချင်ဧရာကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမင်းသူဇော်နှင့် သာယာကုန်းကျေးရွာတာဝန်ခံ ဦးမြင့်ခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စက်ရေတွင်း‌နှင့် ကျေးရွာအတွင်း အိမ်သွယ်ရေတိုင် ရေပေးရေးစနစ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်‌ဆေးခဲ့ကြကြောင်း သိရသည်။

ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကျပ် (၂၅) ဒဿမ (၈၅၀)သန်းဖြင့် ကချင်ဧရာကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် အလျား(၅)ပေ၊ အနံ (၅)ပေ၊ အမြင့်(၇)ပေရှိရေစက်ရုံတည်ဆောက်ခြင်း၊ ရေမြှုပ်ပန့်နှင့် မီတာဘောက်တပ်ဆင်ခြင်း၊ ဂါလံ (၂၄၀၀)ဆံ့ ကွန်ကရစ်ရေစင်တည်ဆောက်ခြင်းနှင့် အရှည်ပေ (၃၀၀၀)ရှိ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို ဇွန်လ ၁၃ ရက်‌နေ့မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၆ ရက်တွင် လုပ်ငန်းရာနှုန်းပြည့် ပြီးစီးခဲ့ပါကြောင်းနှင့် အဆိုပါ ရေပေးရေးလုပ်ငန်းပြီးစီးခဲ့၍ သာယာကုန်းကျေးရွာရှိ အိမ်ခြေ (၁၀၀)၊ လူဦးရေ(၅၈၃)ဦးတို့မှ သန့်ရှင်းသော သောက်သုံးရေကို ရာသီမရွေး အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကျေး/လက်ဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ရွှေမိုးညှင်း