ဗန်းမောက် ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ဆွေးနွေး ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ၊ ဆွေးနွေးသည့်စာအုပ်ပါ အကြောင်းအရာများ အပြင် မိမိတို့လေ့လာဖတ်ရှု့မှတ်သားထားသည့် အခြားအသိပညာ ဗဟုသုတရဖွယ် အကြောင်းအရာများကိုပါ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်ခင်နွဲ့နှောင်းရီက စာရေးဆရာ မြင်းခြံကျော်အောင် ရေးသားထားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ် Book Club အဖွဲ့ဝင်များနှင့် စာပေချစ်သူများက တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မေသူ(ဗန်းမောက်)