ဆဒုံး ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၀)နာရီက ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်၊၊
ဆွေးနွေးပွဲတွင် ဆဒုံးမြို့ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာဝင်းက အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆဒုံးမြို့၊ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ ဦးလှမျိုးဇော်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ ပင်လုံစာချုပ်လက်မှတ် ရေးထိုးခဲ့ပုံများ၊ ယနေ့ခေတ်လူငယ်များအနေဖြင့် မိမိတို့ဘိုးဘွားများ ခက်ခက်ခဲခဲအရယူထားသော ပြည်ထောင်စု နေ့ကောင်းနေ့မြတ်ကြီးကို ချစ်မြတ်နိုးပြီး အလေးထားတန်ဖိုးထားသင့် ကြောင်း၊ ဤနေ့ထူးနေ့မြတ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စု၏ အနှစ်သာရဖြစ်သည့် လွတ်လပ် ရေးနှင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံခွန်အားများကို အားလုံး၏ ရင်ထဲ၊ နှလုံးသားထဲတွင် ကိန်းအောင်း ရှင်သန်နိုင်ကြစေ လိုကြောင်း စသည့်အကြောင်းအရာများကို အကျယ် တဝင့် ဆွေးနွေးခဲ့ကြောင်း သိသည်၊၊
ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်၊၊
ခင်မာဝင်း(ဆဒုံး)