မြောက်ဥက္ကလာပမြို့နယ်တွင် မလိုအပ်ဘဲပြင်ပသို့ သွားလာလျက်ရှိသည့် ယာဉ်များမရှိစေရေးအတွက် ယာဉ်စစ်ဆေးမှုများဆောင်ရွက်

မြောက်ဥက္ကလာပ စက်တင်ဘာ ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့မှ (င)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီး အဝိုင်းမှတ်တိုင်တွင် မလိုအပ်ဘဲပြင်ပသို့ သွားလာလျက်ရှိသည့် ယာဉ်များ မရှိစေရေးအတွက် ယာဉ်စစ်ဆေးမှုများကို မြို့နယ်ရဲမှူး၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးနှင့် မြို့နယ် မီးသတ်ဦးစီးမှူးတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"မြောက်ဥက္ကလာပမြို့နယ်ကနေ အလုပ်ရှိရာ အခြားမြို့နယ်များသို့ သွားလာသူများအနေဖြင့် Taxi ယာဉ်၊ ကိုယ်ပိုင်ယာဉ်များဖြင့် သွားလာပါက အစိုးရရုံး၊ ကုမ္ပဏီဝန်ထမ်းကတ်၊ အမိန့်စာစသည့် ခိုင်လုံသည့် အကြောင်းပြချက်ပါရှိမှသာ ယာဉ်များအား  သွားလာခွင့်ပြုမည်ဖြစ်ကြောင်းနှင့် မလိုအပ်ဘဲ သွားလာမှုများမရှိစေရန် ယနေ့မှာ ပညာပေးဆောင်ရွက်ခဲ့ပြီး ယနေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဒါကြောင့် YBS ယာဉ်၊ လူနာတင်ယာဉ်၊ ပရဟိတယာဉ်၊ လူမှုရေး အဖွဲ့အစည်းသုံးယာဉ်များမှအပ အခြားယာဉ်များအားလုံး စစ်ဆေးသွားမှာဖြစ်တယ်" ဟု မြို့နယ်ရဲမှူး အောင်မြင်၏ ပြောကြားချက်ကိုလည်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)