ခရမ်း စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် Stay At Home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်းမပြုရန် အသိပညာပေး လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များနှင့် တာဝန်ရှိ သူများပူးပေါင်း၍ဆောင်ရွက်ခဲ့ကြပါသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ခရမ်းမြို့နယ် ဘုရားကြီးလမ်းအပါအဝင် လမ်းဆုံ လမ်းခွများတွင် ယမန်နေ့ နံနက်ပိုင်းကစ၍လမ်းပေါ်သွားလာနေကြသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ အနှေးယာဉ်များအား ရပ်တန့်စေပြီး သတ်မှတ်ထားသော အောက်တိုဘာလ (၇)ရက်နေ့အထိ ခရမ်းမြို့နယ်နေ ပြည်သူများမိသားစုကျန်းမာရေးနှင့် စားသောက်ရေးကိစ္စများ၊ စျေးဝယ် ခြင်းကိစ္စများမှလွဲပြီး အကြောင်းမဲ့ပြင်ပသို့ ထွက်ခွာ သွားလာခြင်းမပြုရန်၊ နယ်မြေကျော်သွားလာရန် လိုအပ်ပါက ထောက်ခံချက်များ ပါရှိရန် တာဝန်ရှိသူများ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
ကိုမင်း(ခရမ်း )