သန်လျင်၌ Stay at Home ကာလ YBS ယာဉ်များမှလွဲ၍ အခြားသော ကုန်တင်ယာဉ်များ အငှားယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များအား မလိုအပ်ဘဲ သွားလာခြင်းမရှိစေရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

သန်လျင် စက်တင်ဘာ ၂၈

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်မှ သန်လျင်သို့ ပြေးဆွဲပေးလျက်ရှိသော YBS ယာဉ်များမှလွဲ၍ အခြားသော ကုန်တင်ယာဉ်များ၊ အငှားယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များအား မလိုအပ်ဘဲ သွားလာခြင်းမရှိစေရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်- သန်လျင် တံတားထိပ် သန်လျင်မြို့အဝင်၌ စုပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့၀င်များနှင့်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး မြို့နယ်အတွင်း မောင်းနှင်နေသော ယာဉ်များနှင့် မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမောင်းနှင်မည့် ယာဉ်များကို Stay at Home ကာလ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

သန်လျင်မြို့နယ်မှ အခြားမြို့နယ်သို့ဖြစ်စေ၊ အခြားမြို့နယ်မှ သန်လျင်မြို့နယ်သို့ဖြစ်စေ တာဝန်ထမ်းဆောင်ရန်သော်လည်းကောင်း၊ ကျန်းမာရေးကိစ္စကြောင့်သော်လည်းကောင်း ကူးသန်းသွားလာပါက ခိုင်လုံသော အထောက်အထားများပါရှိမှသာ ခွင့်ပြုသွားမှာဖြစ်ပြီး ပညာပေးကာလပြီးဆုံးပါက ခိုင်လုံသော အထောက်အထားများ မပြသနိုင်လျှင် ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)