မိုင်းတုံ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် နိုင်ရေး အတွက် မြို့အဝင်ဂိတ်များတွင် နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိိရာ ယမန်နေ့က နေပြည်တော်မှ ပြန် လာသူ(၃)ဦးအား Facility Quarantine ထားရှိကြောင်း သိရသည်။
"မနေ့က တောင်ကြီးဘက်ကဝင်လာတဲ့ မော်တော်ယာဉ်(၂၄)စီးနဲ့ ခရီးသည်(၅၂)ဦးမှာ နေပြည်တော် ကနေ မိုင်းတုံမြို့ကိုပြန်လာတဲ့သူ(၃)ဦးကို စစ်ဆေးတွေ့ရှိလို့ အထက ကျောင်းမှာ Facility Quarantine ထား ရှိပါတယ်၊ ကျန်းမာရေးစစ်ဆေးရာမှာ ကိုယ်အပူချိန် ကတော့ အားလုံးပုံမှန်ပါပဲ" ဟု ဂိတ်တာဝန်ကျ ကျန်းမာ ရေးဝန်ထမ်းကပြောသည်။
မြို့အဝင်ဂိတ်(၃)ခုမှ ဖြတ်သန်းသွားလာသော မော်တော်ယာဉ်နှင့် ခရီးသည်များအား Non-contact Infrared Thermometer စက်ဖြင့် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွား ရာဇဝင် မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာထောက်ခံချက်များပါရှိမှု ရှိ၊မရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ခရီးသွားလာရေး အသိပညာပေး ခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးနေအောင်၏ ကြီးကြပ်မှုဖြင့် နေ့စဉ်နံနက်(၆)နာရီမှ ည(၉)နာရီအထိ အလှည့်ကျ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
ဝင်းဝင်းခိုင်( မိုင်းတုံ၊ပြန်/ဆက်)