ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁)အ-ထ-ကကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်း ဖေဖေဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း ကျင်းပသောလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဆင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်နန့်ဆွေနွယ်ဦးက ၂၁ ရာစု လူငယ်မျိုးဆက်တွေက လူငယ်ပီပီ စူးစမ်းချင်စိတ်၊ စွန့်စားလိုစိတ်၊ တီထွင်ကြံဆချင် စိတ်များကြောင်း၊ ၂၁ ရာစုမှာ ကြီးပြင်လာကြတဲ့ Z မျိုးဆက်သစ်တွေရဲ့ အတွေးအမြင်၊ အယူအဆနဲ့ ယုံကြည်တန်ဖိုးထားမှုတွေဟာ အရင်းမျိုးဆက်နဲ့ မတူကြောင်း၊ သူတို့ဟာနည်းပ ညာလမ်းကြောင်းပေါ်က မျိုးဆက်တွေဖြစ်ပြီး နည်းပညာနဲ့ ယဉ်ပါးကြသူတွေဖြစ်ကြောင်း ယခင်မျိုးဆက်တွေနဲ့ကွဲပြားတဲ့ အချက်က မီဒီယာကိုဖန်တီး အသုံးပြုတဲ့ပထမမျိုးဆက် ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ(၂၅၀)ဦး စိတ်ဝင်တစားကြည့်ရှု လေ့လာကြကြောင်း သိရသည်။

ဆွေနွယ်(IPRD)