တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Quarantine Center ထပ်မံဖွင့်လှစ်

ရန်ကုန် စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကို‌ဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်၍ Quarantine Centre ကို အမှတ်(၆)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းတန်းကျောင်း၌ ယမန်နေ့ ညနေပိုင်းက ထပ်မံဖွင့်လှစ်ခဲ့ကြသည်။

ထိုကဲ့သို့ ဖွင့်လှစ်ထားရှိရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များပူးပေါင်း၍  Center၌ သောက်ရေသန့်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ကုတင်များမှအစ လိုအပ်မှုများကို ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိပြီး စားသောက်ရေးအတွက်လည်း အလှူရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် အလှူရှင်များလည်း လိုအပ်လျက်ရှိသည်။ ထို့ပြင် လှူဒါန်းလိုပါက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါ Quarantine Center တွင် မြို့နယ်အတွင်းနေ ကိုဗစ်-၁၉ရောဂါ Positive လူနာများနှင့် ဆက်စပ်သော မိသားစုများအား ထားရှိမည်ဖြစ်ပြီး စောင့်ကြည့်လူဦးရေ ကျား (၂၉)ဦး၊ မ (၃၀)ဦး၊ စုစုပေါင်း (၅၉) ဦး ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ဝင်းထက်ထက်အောင်