ပူတာအို ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့်နေ့ ထူးနေ့မြတ်များကို တန်ဖိုးထားတတ်လာစေရန်အတွက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင် ပြပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက ပူတာအို မြို့နယ်၊ လယ်မယ်ဝါချီကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် လယ်မယ်ဝါချီကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် လူငယ်လူရွယ်များ ထားရှိရမည့် ပြည်ထောင်စုစိတ်ဓာတ်များအကြောင်းကို အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များကို ကျောင်းသူ၊ ကျောင်းသားများထံ ဖြန့်ဝေငှားရမ်း ဖတ်ရှုစေပြီး မိမိဖတ်ရှုခဲ့သည့် စာအုပ်အကြောင်းအရာပါ ပုံပြင်များကို တက်ရောက်လာသူများအား ပြန်လည်မျှဝေပေးခြင်းအစီ အစဉ်တွင် ကျောင်းသူ၊ ကျောင်းသားများ ပါဝင်ခဲ့ကြသည်။ ထို့နောက် ပြပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများတွင် ကျောင်းသူ၊ ကျောင်းသားများ ကြည့်ရှုလေ့လာခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသူ၊ ကျောင်းသားများ တစ်ဦးချင်းထံ အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)