ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေ၊ ဆန်၊ ဆီ နှင့် အခြားအသုံးအဆောင်ပစ္စည်းများ လှူဒါန်း

ကျောက်တန်း စက်တင်ဘာ ၂၈

ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် လက်ရှိအချိန်ထိ ပိုးတွေ့ အတည်ပြုလူနာ(၄၄)ဦး ရှိလာသဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွါးမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ရွှေမှော်ဝန်းသာသနာ့ဗိမာန်၊ မိုးလုံလေလုံအားကစားရုံ၊ အထက(ခွဲ) အေးမြသီတာကျောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူ( Primary Contact )များ ထားရှိဆောင်ရွက်လျှက်ရှိပြီး  မူလွန်ကျောင်း ဆင်ကန်ရပ်ကွက်နှင့် အထက မြိုင်သာယာ ကျောင်းတို့တွင်လည်း  Quarantine Centre  အဖြစ် ထားရှိနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင်  Community Base Facility Quarantine Centre  များတွင် ထားရှိ ဆောင်ရွက်ထားသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (ဗဟန်းမြို့နယ်၊ရန်ကုန်)မှ ဆန်တစ်တင်းခွဲ အိတ်(၁၅) အိတ်နှင့်ဆီ (၁၀) ပိဿာအပါအဝင် အခြားအသုံးအဆောင်ပစ္စည်းများ တန်ဖိုးငွေ (၁၆၄၂၁၀၀/-)ကို ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်       နှင့် စေတနာရှင်များက ကျောက်တန်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အနံ့မရသည့် လူနာများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ရွှေမှော်ဝန်းသာသနာ့ဗိမာန်အား ဆေးကုသဆောင်အဖြစ် ဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူငွေကျပ် (၂၅) သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အသောကကုသိုလ်ဖြစ်ဆေးခန်း ဩဝါဒစရိယ ဆရာတော် အမှူးပြု၍ အသောကကုသိုလ်ဖြစ်ဆေးခန်းအဖွဲ့မှ (၂၀) သိန်း၊ ဦးတင်ထွန်းအောင်+ ဒေါ်နွယ်နီမြင့် (ရောင်စဉ်ဖြာ အီလက်ထရောနစ် ပစ္စည်းရောင်းဝယ်ရေး၊ ကျောက်တန်းမြို့)မှ(၁၀)သိန်းကျပ်၊ ဦးဝင်းညွန့်+ ဒေါ်သန်းသန်းဌေးမိသားစု (ဆင်ကန်ရပ်ကွက်၊ကျောက်တန်းမြို့)မှ(၅)သောင်းကျပ်၊ ဦးဝင်းမြင့်မောင်+ဒေါ်သောင်းယဉ် မိသားစု(ရွှေကုန်းရပ်ကွက်၊ ကျောက်တန်းမြို့) မှ(၅) သိန်းကျပ် စုစုပေါင်းလှူဒါန်းငွေကျပ်(၃၅၅၀၀၀၀/-)(ကျပ် သုံးဆယ် ငါးသိန်း ငါးသောင်း)အား ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အလှူရှင်များအား  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် Quarantine Centre အဖြစ် လက်ရှိအချိန်ထိ ရွှေမှော်ဝန်းသာသနာ့ဗိမာန် ၊ မိုးလုံလေလုံ အားကစားရုံ နှင့်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အေးမြသီတာကျောင်း၊ မူလွန် ဆင်ကန်ကျောင်း နှင့် အထက မြိုင်သာယာကျောင်းတို့တွင်  Quarantine Centre များအဖြစ်ထားရှိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)