ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်

ကွမ်းခြံကုန်း စက်တင်ဘာ ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုကို ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ လူမှုကူညီရေးအဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကို အမှတ်-၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းမင်း၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမြင့်ဦး၊ မြို့နယ်စည်ပင်သာယာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာဝန်ထမ်းများ (We Love Kungyangon) အဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ၊ ဈေးဝယ်လာသူများ စနစ်တကျ ရှိစေရေး၊ နှာခေါင်းစည်း(mask)တပ်ရန်နှင့် တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားရန်၊ တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်ရန်၊ (Stay at Home) ကာလဖြစ်သဖြင့် အကြောင်းမဲ့ ပြင်ပသို့မထွက်ရန်တို့ကို အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေး အတွက် စည်ပင်သာယာဈေးကော်မတီမှ ဦးဆောင်၍ ဈေးအကျိုးဆောင်များ၊ ကုန်သည်များ၊ လက်လီလက္ကားရောင်းချနေသူများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)