သန်လျင် စက်တင်ဘာ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ အတွင်း ပြည်သူများ မဖြစ်မနေ စားသောက်ကုန်များဖြစ်သော သားငါးနှင့် ဟင်းသီးဟင်းရွက် ရေားင်းချသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး အတွက် ဈေးရောင်းချသူများနှင့် တွေ့ဆုံညှိနှိုင်းရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့မဈေးကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများက သားငါးနှင့်ဟင်းသီးဟင်းရွက် ရောင်းချသူများနှင့် တွေ့ဆုံကာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ၏ လမ်းညွှန်စီစဉ်မှုဖြင့် မြို့နယ် အတွင်းဈေးများမှ ငါးရောင်းဝယ်သူများနှင့် ဟင်းသီးဟင်းရွက်ရောင်းချသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ကာလ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လူစုလူဝေး မဖြစ်စေရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကိုယ်စားလှယ်များ ဦးဆောင်မှုဖြင့် ရောင်းချသူ အနည်းငယ် ပါဝင်သော အဖွဲ့ဖြင့်သာ သားငါး၊ ကုန်စိမ်း ဟင်းသီးဟင်းရွက် အရောင်းဒိုင်များနှင့် စနစ်တကျ ချိတ်ဆက်ဝယ်ယူနိုင်ရေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော Stay at Home ကာလ ပြည်သူများအတွက် မဖြစ်မနေ အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါး အရောင်းဆိုင်များသာ ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိကြောင်းနှင့် ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြု ကော်မတီများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များနှင့် ဈေးတာဝန်ခံများ၊ ဈေးသူဈေးသားများက ဈေးများအတွင်း ဈေးရာင်းချသူများနှင့် ဈေးဝယ်သူများ ရောဂါကူးစက်ပြန့်နှံမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)