မင်္ဂလာတောင်ညွန့် စက်တင်ဘာ ၂၈
ရန်ကုန်ဘူတာကြီးသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ သွားလာရေးအတွက်အဓိကကျသည့် ပို့ဆောင်ဆက် သွယ်ရေးအချက်အခြာကျသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ရထားလိုင်းများ ပြေးဆွဲခဲ့ရာတွင်လဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကာ ပြည်သူများအတွက် မြန်မာနိုင်ငံအနှံ့ ရထားများပြေးဆွဲပေးခဲ့သည်။
ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ ပြည်တွင်းကူးစက်မှုအခြေအနေသို့ ရောက်ရှိခဲ့ပြီး ရောဂါ ဖြစ်ပွားသူများမှာလဲ များပြားလာသည့်အတွက် ရန်ကုန်ဘူတာကြီးမှ မြန်မာနိုင်ငံအနှံ့ပြေးဆွဲပေးနေသော ရထား ခရီးစဥ်များကို ခေတ္တရပ်နားထားကြောင်း ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်ထံမှ သိရသည်။ “ ရန်ကုန်-မန္တလေး နဲ့ ကြည့်မြင်တိုင် - ပြည် ပြေးဆွဲပေးနေတဲ့ ရထားလိုင်းတွေကို စက်တင်ဘာ ၂၅ ရက်နေ့ကစပြီး ရပ်နားထားခဲ့ပါ တယ်။ ခုလက်ရှိမှာတော့ ရန်ကုန်ဘူတာကြီးကနေ တခြားတိုင်းနဲ့ပြည်နယ်တွေကို ရထားပြေးဆွဲမှု လောလော ဆယ်မှာ မရှိပါဘူး။ ကုန်စည်စီးဆင်းမှုမပြတ်တောက်ဖို့ကတော့ ပုံမှန်ပြေးဆွဲပေးနေတဲ့ရထားလိုင်းတွေရှိပါ တယ်။ အသွားတစ်စင်း အပြန်တစ်စင်း အဆန်အထူးနဲ့ အစုန်အထူးကတော့ ကုန်စည်အတွက် ပုံမှန်ထွက်ခွာပေး နေပါတယ်။ မြို့ပတ်ရထားအစီးရေကတော့ ယခင်က တစ်နေ့ကို ၅၄ ခေါက် ပြေးဆွဲခဲ့ရာကနေ ခုလက်ရှိမှာတော့ ၂၆ ခေါက်ပြေးဆွဲပေးနေပါတယ် ” ဟု ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာ ရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်အမှတ် (၁၀၈ / ၂၀၂၀) ညွှန်ကြားချက်အရ Stay at Home နေထိုင်ကြရမည်ဖြစ်သော်လည်း မဖြစ်မနေသွားလာကြရမည့် အစိုးရဝန်ထမ်းများနှင့် ဖွင့်လှစ်ခွင့် ရရှိထားသော ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချသည့် လုပ်ငန်းများမှ မဖြစ် မနေသွားလာကြရမည့် သူများနှင့် အမိန့် ကြေညာ ချက် တွင်ပါဝင်သော လုပ်ငန်းများတွင် တာဝန်ထမ်းဆောင် နေ သူများအတွက်မူ ရန်ကုန် မြို့ပတ်ရထားများကို အားထားနေရဆဲပင် ဖြစ်ကြောင်းသိရသည်။
ချစ်စုဝေ (ပြန်/ဆက်)