မိတ္ထီလာမြို့နယ်အတွင်းရှိ (VRFP) စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ၁၇ ရွာသို့ စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း (၄၀၀၀) ထုတ်ချေးပြီး

မိတ္ထီလာ စက်တင်ဘာလ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ Village Revolving Fund Project (VRFP) စီမံကိန်း ဆောင်ရွက်လျက်ရှိသော ကျေးရွာ (၁၇) ရွာတွင်  စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၄၀၀၀) ထုတ်ချေး ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ   သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ လူမှု စီးပွားထိခိုက်မှုများ ဖြစ်ပေါ်နေပြီး ဒေသခံတောင်သူများ၊ အသေးစား စီးပွားရေး လုပ်ကိုင် နေသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေး အတွက် Village Revolving Fund Project (VRFP) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာ မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာတွင်(VRFP) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၄၀၀၀) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ စီမံကိန်း ရန်ပုံငွေ များ ပေးအပ်ရာတွင် ကျေးရွာအတွင်းရှိ အိမ်ခြေ အနည်းအများအလိုက် ရန်ပုံငွေ များကို ပေးအပ် ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းရန်ပုံငွေများအား ဖိုးပျော်တော၊ အိုးအိုင့်ကုန်း၊ ကြိုးစု၊ အိုင့်ကုန်း၊ သဘွတ်ကုန်း၊ ဆူးရစ်တန်း၊ လက်ပံ့အိုင့်၊ ရွာသစ်၊ ဖက်တော၊ ဝါးရုံစု၊ ဥသျှစ်ကုန်း၊ အုတ်ဖို၊ ကန်နီအရှေ့၊ ကံခြားမြောက်၊ ထနောင်းပင်တဲ၊ သံဘို၊ ဂွေးတောက်ကန် ကျေးရွာများမှ ဒေသခံ ပြည်သူများကို ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် ဝန်ထမ်းများက ကျေးရွာအရောက် ကွင်းဆင်း၍ ထုတ်ချေးပေးအပ် ခဲ့ပြီးရာ ယခုဆိုလျင် ၎င်းစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ Village Revolving Fund Project (VRFP) စီမံကိန်းရန်ပုံငွေကျပ် သိန်း (၄၀၀၀) ဖြင့် ကျေးရွာ (၁၇) ရွာတွင် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၉၀၃) ဦး၊ မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်သူ (၂၅၆)ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ (၁)ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ (၆) ဦးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ (၇)ဦးရှိရာ   ယင်း စီမံကိန်းဖြင့် ကျေးရွာ (၁၇)ရွာမှ အိမ်ထောင်စု ၁၁၇၃ ဦးကို အလုပ်အကိုင် အခွင့်အလှမ်းများ ရရှိစေခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)