မိုးညှင်း ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ တစ်ပိုင်တစ်နိုင်ရာသီပေါ် မုန်ညင်းစိုက်ပျိုး လုပ်ကိုင်ရောင်းချရာမှ မိသားစုအတွက် ဝင်ငွေများတိုးပွားလျက်ရှိကြောင်း သိရသည်။
“မုန်ညင်းမျိုးကို သက်ငယ်၊ သက်လတ်နဲ့ သက်ကြီးဆိုပြီး သုံးမျိုးသုံးစားခွဲပြီးတော့ စိုက်ပျိုးပါတယ်။ မုန်ညင်းသက်ငယ်မျိုးကိုတော့ ဝါဆိုလနဲ့ဝါခေါင်လမှာ စတင်စိုက်ပျိုးပါတယ်။ မုန်ညင်းသက်လတ်မျိုးကိုတော့ တော်သလင်းလနဲ့ သီတင်းကျွတ်လမှာ စိုက်ပျိုးပါတယ်။ နောက်ဆုံး မုန်ညင်းသက်ကြီးမျိုးကိုတော့ တန်ဆောင်မုန်းလကနေ့စပြီးတော့မှ ယခုလအထိပေါ့ စိုက်ပျိုးပြီး ရောင်းချပါတယ်။ မုန်ညင်း (၁၀) စည်းပါ တစ်ထုံးကိုငွေကျပ် (၁၇၀၀) နှုန်းဖြင့် ဖောက်သည် သွင်းပါတယ်။ မြို့ပေါ်စျေးများအပြင် အခြားသော အမြို့မြို့အနယ်နယ်တွေကိုလည်း တင်ပို့ရောင်းချ ပါတယ်။ ယခင်နှစ်က မုန်ညင်းတစ်ထုံးကို ငွေကျပ် (၉၀၀) နှုန်းရှိပြီး ယခုနှစ်တွင် မုန်ညင်းများ စျေးကောင်းရရှိသဖြင့် မိသားစုအတွက် စီးပွားရေးပိုအဆင်ပြေလျက်ရှိပါတယ်”ဟု မုန်ညင်းစိုက်ပျိုး လုပ်ကိုင်သူ ဒေါ်နှင်းအေးက ပြောပြသည်။
အဆိုပါ မုန်ညင်းစိုက်ခြင်းကို တစ်နှစ်လျှင်သုံးသီးစားခွဲ၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိြပီး ယခင်နှစ်ထက် ယခုနှစ်ကစျေးများပို၍ရရှိသဖြင့် ၎င်းစိုက်ပျိုးသူမှာ မိသားစုအတွက် ဝင်ငွေများတိုးပွားလျက် ရှိကြောင်း၊ မုန်ညင်းများအပြင် အခြားရာသီပေါ်သီးနှံများဖြစ်သည့် ဘူးသီး၊ ခဝဲသီး၊ ငရုတ်သီး၊ ဗိုလ်စားပဲသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ ပဲတောင့်ရှည်၊ ကြက်ဟင်းခါးသီးနှင့် ပန်းမုန်လာစသည့် သီးနှံများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း