မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ နှင့်စက္ကူခေါက် ပြိုင်ပွဲများ ကျင်းပ

မချမ်းဘော့ ဖေဖော်ဝါရီ ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန်နှင့် စာကြည့်တိုက်နှင့်  ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့်စက္ကူခေါက်ပြိုင်ပွဲများကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နီနီလွင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကိုလည်းကောင်း၊ ငယ်စဉ်မှစ၍ထားရှိရမည့် ပြည်ထောင်စုစိတ်ဓာတ်များအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောသည်။

ဆက်လက်၍ပုံပြင်ပြောပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာအထက်တန်း ကျောင်း Grade 4 မှ ကျောင်း သားကျောင်းသူ ၃၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)