သိန္နီ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပြိုင်ပွဲကို မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သိန္နီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက “စည်းလုံးခြင်းသည်အင်းအား” သီချင်းအက၊ တအာင်းရိုးရာသီချင်းအက၊ ရှမ်းကိန္နရီအက၊ ကချင်ရိုးရာ သီချင်းအက၊ လီဆူရိုးရာသီချင်းအက၊ ရှမ်းရိုးရာသီချင်းအကများဖြင့် သရုပ်ဖော် ကပြခဲ့ကြသည်။ ထို့နောက် ရိုးရာယဉ်ကျေးမှု သီချင်း၊ အကများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)