ကျိုင်းလပ် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက ''ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ''ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံသူ့ကျွန်ဘဝကျရောက်ခဲ့ရပုံ၊ လွတ်လပ်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံ၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်မှုမရှိဘဲ လွတ်လပ်ရေးမရရှိနိုင်ပုံနှင့် ထိုမှတစ်ဆင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ဆွေးနွေးဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး စာအုပ်၊ စာစောင်များနှင့် နံရံကပ် စာစောင်များပြသပြီး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
မေဇင်ဦး (ပြန်/ဆက်)