သီပေါမြို့နယ်တွင်ဆောင်ကြဲကျေးရွာအုပ်စုတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာ ပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်

 

သီပေါ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ  မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများအဖွဲ့သည် ဆောင်ကြဲ ကျေးရွာအုပ်စု ၊ ဆောင်ကြဲကျေးရွာနှင့် ပန်မိတ်ကျေးရွာများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများရှိ အုပ်ချုပ်ရေးမှူး ရုံးများ တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

 ဆွေးနွေးပွဲတွင် သီပေါမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးဇော်မင်းထွေးက လျှပ်စစ်နှင့်ပတ်သက်၍ အသုံးပြုရာတွင် သတိပြု လိုက်နာ ရမည့်အချက်များ၊ အန္တရာယ်ဖြစ်စေနိုင်သည့် အချက်များ၊ မိသားစု လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး၊ ဓာတ်လိုက်ခံရသူအားရှေးဦး သူနာပြုစုနည်းများ အစရှိသည့် လျှပ်စစ် အန္တရာယ် ဆိုင်ရာ အကြောင်းအရာများနှင့် လျှပ်စစ်အန္တရာယ် ဖြစ်စေနိုင်သော အချက်များ တွေ့ရှိပါက နီးစပ်ရာလျှပ်စစ်ရုံးသို့အမြန်ဆက်သွယ်အကြောင်းကြားရန် စသည့်တို့ကို အသိ ပညာပေး ဆွေးနွေးခဲ့ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများက ရှမ်းဘာသာဖြင့် ထပ်ဆင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။

ဆက်လက်၍ သီပေါမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းလုပ်ငန်းမှ ထုတ်ဝေ သော "လျှပ်စစ်အန္တရာယ်သတိပေးလက်ကမ်းစာစောင်"များနှင့် လျှပ်စစ်ဓာတ်အားခ နှုန်းထား များ ပြင်ဆင် သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးကြေညာခြင်း လက်ကမ်းစာစောင်များကို ကျေးရွာနေပြည်သူများအားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။         

ခင်လေး(သီပေါ၊ ပြန်/ဆက်)