ကျောက်ဆည် ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ဒေသအတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းတွင် ပျက်စီးနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ပြည်ထောင်စု အထူးပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ(၁၉.၅၀)ကျပ်သန်းဖြင့် (၁၁.၅)ကီလိုမီတာနှင့်(၁၂.၇)ကီလိမီတာအတွင်းရှိ ပျက်စီးနေသည့် (၁၇၆၂)စတုရန်း ကီလိုမီတာအား တူးထုတ်၍ (၅၀)ကီလိုမီတာနှင့်(၁၀၀)ကီလိုမီတာ အရွယ်ကျောက်များဖြင့် အောက်ခံအလွှာထု(၁၂၅)မီလီမီတာခင်းပြီး၊ (၇၅)မီလီမီတာအောက်ရှိကျောက်များဖြင့် ဒုတိယအလွှာ ထု(၁၀၀) မီလီမီတာ၊ (၂၅)မီလီမီတာနှင့်(၅၀)မီလီမီတာကျောက်များဖြင့် တတိယအလွှာထု(၇၅) မီလီမီတာခင်းပြီး (၃၇.၅)မီလီမီတာ ထုအဝင် ကတ္တရာလောင်းခြင်း၊ ကတ္တရာရေပိတ်အလွှာခင်းခြင်းလုပ်ငန်းများ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်နှင့် မြို့ပြနှင့်ကျေး လက် ကွာဟမှုမရှိစေရေးလမ်းများ၊ တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်နှင့် ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တို အတွင်း လွယ်ကူမြန်စွာသယ်ယူနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)