ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျေးရွာဒေသများ ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စစ်ကြောင်းကြီး (၅)ကြောင်းပါဝင်သည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁:၃၀)နာရီက ဆုံရွာကျေးရွာ အုပ်စု ကန်ရဲကျေးရွာ ရွာလယ်ရှိ ယာယီမဏ္ဍပ်မှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကွင်းဆင်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်တို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းနှင့် ဗိုလ်မှူးနောင်ထွန်းနီတို့က ဒေသတွင်းတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသည့် ဌာနဆိုင်ရာများက ဌာနအလိုက် ဒေသဖွံ့ဖြိုးရေး ပေါင်းစပ်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားကြပြီး၊ တက်ရောက်လာသည့် ကျေးရွာပြည်သူများ၏ မေးမြန်းမှုများအပေါ် ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်းများက ကိုဗစ်-၁၉ ပုံမှန်ကာကွယ် ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးရန် လိုအပ်သူများအား ဆေးထိုးနှံပေးခြင်း၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးကြပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း အတိုး/အလျှော့ ပြုလုပ်ခြင်းများကို ဝန်ဆောင်မှုပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လုံခြုံရေးအဖွဲ့ဝင်များ (၃၀)ဦး၊ ဆုံရွာကျေးရွာနှင့် ကံရဲကျေးရွာများမှ ဒေသခံ ပြည်သူအင်အား(၁၆၁)ဦး စုစုပေါင်း(၁၉၁)ဦး တက်ရောက်ခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)