ဗန်းမော်မြို့တွင် (၁၄)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များ ကာကွယ်ဆေးအခမဲ့ထိုးနှံပေး

ဗန်းမော်       စက်တင်ဘာ   ၂၈

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၁၄)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဗန်းမော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ပေးရာတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဇော်နိုင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ထွန်းထွန်းမင်းနှင့် ဝန်ထမ်းများက ဗန်းမော်မြို့ဒေသခံပြည်သူများ မွေးမြူထားသည့် ခွေးနှင့် ကြောင်များ အကောင်(၇၀)ကောင်အား ကာကွယ်ရေးအခမဲ့ထိုးနှံပေးခဲ့ကြသည်။      

"ကျွန်တော်တို့ ဌာနအနေနဲ့ နှစ်စဉ် စက်တင်ဘာလ(၂၈)ရက်နေ့ရောက်တိုင်း ခွေး၊ ကြောင်တွေကို ခွေရူးရောဂါ ကာကွယ်ဆေးထိုးပေးခြင်းနဲ့ အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပါတယ်၊ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကာလဖြစ်တဲ့အတွက် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနဲ့ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကိုသာ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်၊ လူမှာ ခွေးရူးရောဂါကူးစက်ခံရခြင်းရဲ့ (၉၉)ရာခိုင်နှုန်းက ခွေးကိုက်ခံရခြင်းကနေ တစ်ဆင့် အများဆုံးဖြစ်ပါတယ်၊ ဒါ့ကြောင့် ခွေးများမှာ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးတာက လူ့အသက်ပေါင်းများစွာ ကယ်တင်ခြင်းလည်း ဖြစ်ပါတယ်၊ ကျွန်တော် ပြောချင်တာကတော့ (၁၄)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ဆောင်ပုဒ်ဖြစ်တဲ့ "ခွေးရူးရောဂါအဆုံးသတ်ရေး ကာကွယ်ဆေးထိုးကာ ပူးပေါင်းပေး" ဆိုတဲ့အတိုင်း ပိုင်ရှင်များ အနေနဲ့ မိမိတို့ရဲ့ ခွေး၊ ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေးနှစ်စဉ်ပုံမှန်ထိုးနှံပေးကြပါလို့ တိုက်တွန်းလိုပါတယ်"ဟု မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ထွန်းထွန်းမင်းက ပြောသည်။

ကိန်းဖြူ(ပြန်/ဆက်)