ရပ်စောက်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များတွင် သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရပ်စောက်      စက်တင်ဘာ   ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် အတွင်းရှိဈေးဆိုင်များ၊ စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးတို့က ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ် ထိန်းချူပ်နိုင်ရန်အတွက် ပြည်သူများမှ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခြင်း လုံးဝမပြုလုပ်ရန်၊ ပါဆယ်စနစ်(take away)ဖြင့်သာ ရောင်းချရန်၊ ဈေးရောင်း ဈေးဝယ်ပြည်သူများအနေဖြင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန် တာဝန် ရှိသူများက တစ်ဆိုင်ချင်းအလိုက် စစ်ဆေး မှာကြားခဲ့ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက ထိရောက်သော အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စိုင်းမြတ်ကျော်စိုး (ပြန်/ဆက်)