မိုးညှင်း ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကျင်းပပြုလုပ်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲများကျင်းပရာတွင် ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ပြောဆိုတတ်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အ.ထ.က (ခွဲ) နားခါကျောင်းမှ Grade-7 ကျောင်းသားကျောင်းသူများအား စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်၊ စကားပုံဆက်၊ စာစီစာကုံး၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပခဲ့သည်။
ထို့နောက် ယင်းပြိုင်ပွဲများတွင် ဆုများရရှိကြသည့် ကျောင်းသားကျောင်းသူများကို ဖေဖော်ဝါရီ (၉) ရက်တွင် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း