မိုးကောင်းမြို့၌ မွေးစမှ ၂ နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မိုးကောင်း ဖေဖော်ဝါရီ ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုး ဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ဆုံဆို့-ကြက်ညာ-မေးခိုင်- အသည်းရောင်အသားဝါ(ဘီ)-ဦးနောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင် ကာကွယ်ဆေးများကို မွေးစမှ(၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် တစ်နှစ်ခွဲကလေးငယ် များအား အသက်အရွယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်း များ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းများကို ဖေဖော်ဝါရီ(၇)ရက်မှ စတင်ထိုးနှံလျက်ရှိပြီး နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီထိ တစ်ကြိမ်၊ နေ့လယ်(၁)နာရီမှ ညနေ(၃)နာရီထိတစ်ကြိမ် မြို့ပေါ်ရှိ (၁၀)ရပ်ကွက်အား ရပ်ကွက်အလိုက် ထိုးနှံပေးကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)