ဆဒုံးမြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ဆဒုံး ဖေဖော်ဝါရီ ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် မောင်မင်းစိုး ရေးသားထားသော လူငယ်နှင့် အထက်တန်းစားစိတ်ဓာတ် စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား ကျောင်းသူများစုစည်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်၊၊

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့ဦးစီးမှူး ဒေါ်ခင်မာဝင်းက စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ ဗဟုသုတ ကြွယ်ဝနိုင် ကြောင်းနှင့် မိမိသိရှိထားသည့် အသိပညာဗဟုသုတများကို မှန်ကန်သော အတွေးအခေါ်များနှင့် ပေါင်းစပ်၍ မိမိတို့၏ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် ပြန်လည်မျှဝေ အသုံးပြုခြင်းဖြင့် လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်မှာဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်၊၊

ဆက်လက်၍ Book Club အဖွဲ့ဝင်ဆရာမ ဒေါ်ခေါ်မလေးမှ "လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး မခေါင်ညွယ်က "လူငယ်နှင့် အထက်တန်းစားစိတ်ဓာတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဗန် ထောင်လိန်က "လူငယ်နှင့်ကျန်းမာရေး" ခေါင်စဉ်ဖြင့် လည်းကောင်း၊ မခိုင်ဇင်မြင့်မှ "လူငယ်နှင့် အလေ့အကျင့်" ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို အပြန်အလှန်ဆွေးနွေးကြရာ မြို့ဦးစီးမှူး ဒေါ်ခင်မာဝင်းက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်၊၊

ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်စာစောင်မျိုးစုံတို့ကို စာပေချစ်မြတ်နိုးသူ၊ စာဖတ်ပရိသတ်များအား အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်၊၊

ခင်မာဝင်း (ဆဒုံး)