ပူတာအို ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းမှုဖြင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက ပြည်ထောင်စုနေ့နှင့် ပြည်ထောင်စုစိတ်ဓါတ်အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် အသိ ပညာပေး ဟောပြောပြီး ခရိုင်ဦးစီးမှူးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အထက(ပူတာအို)ကျောင်း Grade-5 ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့က ပြည်ထောင်စုနေ့ ကဗျာများကိုလည်းကောင်း၊ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသူ ကျောင်းသား (၅)ဦးတို့က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပတ်သက်သည့်ပုံပြင်များကို လည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ တွင် ကျောင်းသူ၊ ကျောင်းသား(၁၁)ဦးတို့က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၃)၊ စာမျက်နှာ(၂)တွင် ပါရှိသည့် အယ်ဒီတာ့အာဘော် “အစဉ်စောင့်ထိန်းကြရမည့် တိုင်းရင်းသားစည်း လုံးညီညွတ်ရေး” ခေါင်းစဉ်ဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ဦးစီးမှူးနှင့် ကျောင်းဆရာမများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
ထို့နောက် ပြိုင်ပွဲသို့တက်ရောက်လာသည့် ဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျောင်းဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့်နံရံကပ် စာစောင်ပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)