ထန်းတပင်(ရန်ကုန်)၊ စက်တင်ဘာ ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် အတွက် နှာခေါင်းစည်းတပ်ဆင်သွားလာရေး လှုပ်ရှားဆောင်ရွက်မှု Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက ထန်းတပင်မြို့မစျေးနှင့် စျေးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mask Campaign ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဌေး၊ စည်ပင် ဝန်ထမ်းများနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ထန်းတပင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ပရဟိတလူငယ်များက ထန်းတပင်မြို့မစျေးရှိ စျေးသည်များ၊ မြို့မစျေးသို့ လာရောက်ကာ စျေးဝယ်ကြသူများ၊ စျေးရှေ့ဖြတ်သန်းသွားလာနေ ကြသူများကို တစ်ခါသုံး နှာခေါင်းစည်း Mask များကို (အခမဲ့)ဖြန့်ဝေဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း တပ်ဆင်သွားလာရေး တို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင့် စျေးသူ၊ စျေးသားများနှင့် စျေးသို့လာရောက်ကြသည့် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါအကြောင်း၊ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်နှံ့မှုများ မရှိစေရေးတို့ကို သိရှိနိုင်ရန် အတွက်လည်း မြို့မစျေးအတွင်း အသိပညာပေး ဗီနိုင်းပြသထားရှိခြင်းနှင့် လက်ဆေးဘေစင်ထားရှိ ပေးခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ထားရှိသလို ကျန်းမာရေးညွှန်ကြား ချက်များနှင့်အညီ စျေးရောင်း၊ စျေးဝယ်များ လိုက်နာဆောင်ရွက်ကြရန်တို့ကိုလည်း အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)