ဗဟန်းမြို့နယ်တွင် Quarantine Centre နှစ်ခုသို့ ကုတင်များနှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန် စက်တင်ဘာ ၂၈


ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine Centre များ တွင် ထားရှိခဲ့ရာ ယခုအခါတွင် ဗဟန်းမြို့နယ် Facility Quarantine Centre အဖြစ် ဦးချစ်မောင်လမ်းရှိ ကျိုက္ကဆံဘတ်စကတ်ဘောအားကစားရုံနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ထားရှိခဲ့ပြီးဖြစ်သည်။
အဆိုပါ Quarantine Centre များတွင် အသုံးပြုရန်အတွက် ကုတင်များနှင့် ဆက်စပ်အသုံးအဆောင် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ၊ ရွှေမင်းဝံကျောင်းတိုက် ဆရာတော်ကြီးက ကုတင်အလုံး(၅၀)နှင့် ဆက်စပ်ပစ္စည်းများဖြစ်သော ကုတင်မွှေ့ယာစုံများကို လည်းကောင်း၊ မဟာစည်သာသနာ့ရိပ်သာမှ ကုတင်အလုံး(၇၀)ကိုလည်းကောင်း၊ ဂိုအင်ဂါတရား ရိပ်သာမှ ကုတင်အလုံး(၄၀)ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်၊ ဗဟန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ ကြောင်း သိရှိရသည်။
ဆက်လက်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲဝင် များသည် ပိုးတွေ့လူနာများ၏ နေအိမ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ မိမိတို့မြို့နယ်အတွင်း ရောဂါပိုးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးတွေ့လူနာနှင့် ဆက်စပ်ထိတွေ့ရှိသူများအား အချိန်မီ Quarantine ထားရှိနိုင်ရေး၊ ပိုးတွေ့လူနာနေထိုင်ခဲ့သော အိမ်နှင့် ပတ်ဝန်းကျင်တို့အား ပိုးသတ်ဆေး ဖျန်းခြင်းများနှင့် Lock down ချထားရေးများ စသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)