မိုင်းခုတ် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကြီးမှူး၍ လာမည့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခုတ်)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇင်မီမီထွန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံသူ့ကျွန်ဘဝကျရောက်ခဲ့ရပုံ၊ လွတ်လပ်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံ၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်မှုမရှိပဲ လွတ်လပ်ရေးမရရှိနိုင်ပုံနှင့် ထိုမှတစ်ဆင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို အကျယ်တဝံ့ဆွေးနွေးဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များ ပြသပြီး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ ပါဝင်ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်ရရှိစေရန်၊ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အစဉ်အောက်မေ့ သတိရရှိစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိကာ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများ ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)