ရန်ကုန် စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သန့်ရှင်းရေးလုပ်အားပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီမှစတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊တိုင်း ဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်သော အဖွဲ့စုံ၊ အင်အား(၅၀)ဦးခန့်ဖြင့် အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်အတွင်း သန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်ခဲ့သည်။
ဆရာတော်များ၏ လမ်းညွှန်မိန့်ကြားချက်နှင့်အညီ အဆောင်များဆေးဖျန်းခြင်း၊ လက်ဆေး ဘေစင်များ တပ်ဆင်ခြင်း၊ အမှိုက်များစနစ်တကျ ထုပ်ပိုးလွှင့်ပစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ရွာမဆရာတော်ကြီးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် လျှောက်ထားခဲ့ရာ ဆရာတော်ကြီးက ကျန်းမာရေးကောင်းမွန်ကြောင်း၊ ယခုလို ကူညီဆောင်ရွက်ပေးမှု များအပေါ် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်မိန့်ကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)