မန္တလေးမြို့ Fever Clinic ဆေးခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

မန္တလေး                        စက်တင်ဘာလ  ၂၈

မန္တလေးမြို့တွင် Fever Clinic များ ပြန်လည်ဖွင့်လှစ်ကာကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်း များကို တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း Fever Clinic ဆေးခန်းကြီးကြပ်မှုအဖွဲ့ကသိရသည်။

ကိုဗစ်-၁၉ အတည်ပြုလူနာစတင်တွေ့ရှိခဲ့သည့်အချိန်မှစ၍ မန္တလေးခရိုင်အတွင်း ဖျားနာ ကုသရေး အခမဲ့ဆေးခန်း Fever Clinic များဖွင့်လှစ်ဆောင်ရွက်ပေးရာ ကူးစက်မှုများဖြစ်ပေါ်လာ ခြင်းမရှိခြင်းကြောင့် ခေတ္တရပ်နားခဲ့ကြောင်း၊ ယခုအခါ ဒုတိယလှိုင်းအသွင် ကိုဗစ်ကူးစက်မှု ပြန်လည်တိုးလာသည့်အတွက် ချမ်းမြသာစည်မြို့နယ်နှင့်အောင်မြေသာစံမြို့နယ်ရှိ Fever Clinic ကို ပြန်လည်ဖွင့်လှစ်ကာ ကိုဗစ်ရောဂါကာကွယ် ရေးလုပ်ငန်း များဆောင်ရွက်ပေးလျက်ရှိသည်။

 " ဆေးခန်းမှာ ကိုဗစ်-၁၉ ကာကွယ်စောင့်ရှောက်မှုက နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ကျွန်တော်တို့ဆီကို လာပြတဲ့လူနာတွေက ကိုယ့်ကိုယ်ကို သံသယဖြစ်လို့ လာပြတာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် ဒီလူနာတွေလာရင် သူတို့အချင်းချင်း မကူးအောင် လာတာနဲ့ လူတိုင်း Maskတပ်ကို တပ်ရပါတယ်။ Maskမပါရင် ပေးပါတယ်။ လက်ဆေးမယ် တစ်ယောက်နဲ့တစ်ယောက် ၆ပေအကွာမှာ ထိုင်စေတယ်။ ပြီးရင် အဖျားတိုင်းတယ်။ အဖျားတိုင်းတဲ့နေရာမှာလည်း အခုက အရင်ကလို Thermo Gamနဲ့ လူနာကို မတိုင်းတော့ဘူး။ တိုင်းတဲ့သူအတွက် နည်းနည်းအန္တရာယ်ရှိနိုင်တဲ့အတွက်ကြောင့်မို့ နဖူးလေးနဲ့ နည်းနည်း ခပ်ခွာခွာလေး ကပ်လိုက်တာနဲ့ အဖျားပြတဲ့ ကိရိယာတစ်ခုကို တပ်ဆင်ထားပါတယ်။ စေတနာ့ဝန်ထမ်း ဆရာဝန်တွေ စေတနာ့ဝန်ထမ်း သူပြုတွေနဲ့ စေတနာ့ဝန်ထမ်း Record Keepingတွေကို PPE Level – 2ဝတ်ပါတယ်။ M 95 Mask တပ်ရတယ်။ Face Shield တပ်ရတယ်။ အတတ်နိုင်ဆုံး လူနာနဲ့ တာဝန်ရှိသူတွေကြားမှာ ပလက်စတစ်အကြည်လေးတပ်ပြီး လူနာတွေကို မေးတယ်။ စမ်းသပ်တဲ့အခန်းရဲ့ ရှေ့မှာ ဆေးဖြန်းတဲ့ ပိုက်တွေ တပ်ထားပါတယ်။ လူနာတစ်ယောက် စမ်းပြီးရင် အထဲက ခလုတ်နှိပ်တာနဲ့ ဆေးဖြန်းပြီးသား ဖြစ်သွားပါတယ်။ အဲဒီလိုလည်း စီစဉ်ထားပါတယ်။ တစ်ဦးနဲ့ တစ်ဦး ကူးစက်မှုမဖြစ်အောင် အစီစဉ်တကျ စနစ်တကျလုပ်ထားပါတယ်။ " ဟု မြန်မာနိုင်ငံဆရာဝန်အသင်း ( မန္တလေးတိုင်းဒေသကြီး) COVID – 19 Workingကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ကျော်က ပြောသည်။

 ဖျားနာကုအခမဲ့ဆေးခန်း Fever Clinic များကို ၂၀၂၀ခုနှစ် ဧပြီလအတွင်း စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ချမ်းမြသာစည်မြို့နယ် အောင်သာယာဈေးအရှေ့ ထွန်တုံးကျန်းမာ ရေးဌာနခွဲ၊ အောင်မြေသာစံမြို့နယ် ၁၂လမ်း ၊ ၇၅လမ်းနှင့်၇၆လမ်းကြား ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင် အဝိုင်းပတ်အနီးတို့တွင် ဖွင့်လှစ်ထားကြောင်း၊ နေ့စဉ် ပိတ်ရက်မရှိ နေ့စဉ် နံနက်၉နာရီမှ၁၁နာရီအထိ စေတနာ့ဝန်ထမ်းဆရာဝန်နှစ်ဦးနှင့် တာဝန်ရှိသူများ ကဆောင်ရွက်ပေးလျက်ရှ ိကြောင်းသိရသည်။

ထိပ်ထားနိုင်