မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက်အချို့ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် နေအိမ်အချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထား

မြစ်ကြီးနား စက်တင်ဘာ ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်‌ရေမြင့်တက်မှုကြောင့် ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် လူနေအိမ်အချို့ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်နယ်ကြက် ခြေနီတပ်ဖွဲ့မှူး ဦးချစ်ဖေနှင့် တပ်ဖွဲ့ဝင် (၂၀)တို့သည် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ရေဘေးသင့်အိမ်ထောင်စုများကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများနှင့်အတူ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူးနှုင့် တပ်ဖွဲ့ဝင် (၂၀)ဦးတို့သည် ရေဝင်ရောက်နေ သည့် မြို့သစ်ကြီး ရပ်ကွက်၊ ကြက်ပေါင်ခြံ ရပ်ကွက်၊ လယ်ကုန်းရပ်ကွက်နှင့် ရမ်ပူရပ်ကွက်တို့မှ အိမ်ထောင်စု (၉၇)စုကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ပြောင်းရွှေ့ပေးခဲ့ကြောင်းသိရှိရသည်။

အလားတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် လက်တလောဖြစ်ပေါ်နေသော ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့မီးရထား တွင်လည်း ခရီးသွားမိဘပြည်သူများအား အပူချိန်တိုင်းတာပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများ ပြုလုပ်ပေးခဲ့ကြပြီး နှာခေါင်းစည်း (Mask) များကိုလည်း အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။

ယော်ဆောင်(ပြန်/ဆက်)